ကာရာဘောင်းဖလား စတုတ္ထအဆင့်သို့ အလိုအလျှောက် တက်ခွင့်ရသွားသည့် စပါးစ်

စပါးစ်သည် လေတန်အိုရီးယန့်ပွဲအား အနိုင်ပေးခံရကာ ကာရာဘောင်းဖလား စတုတ္ထအဆင့်သို့ တက်ရောက်သွားခဲ့ကြောင်း သိရသည်။ လေတန်အိုရီး ယန့်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈ ဦးအထိ ရှိနေမှုကြောင့် စပါးစ်နှင့် လေတန်အိုရီးယန့်တို့၏ကာရာဘောင်းဖလားတတိယအဆင့်ပွဲစဉ်မှာ မကစားဘဲ ရွှေ့ဆိုင်းခဲ့ရသည်။

ထို့အပြင် လေတန်အိုရီးယန့်ကွင်းကိုလည်း နောက်ထပ် ထုတ်ပြန်ချက် မပြုလုပ်မီအထိ ပိတ်ချထားခံထားရပြီး ယခုအပတ် ဝါဆောနှင့်ကစားရမည့် လိဂ် ၂ပွဲကိုလည်း ရွှေ့ဆိုင်းထားရသည်။

ယခုအခါ လိဂ်ဖလားပြိုင်ပွဲကျင်းပရေး ဘုတ်အဖွဲ့က ရွှေ့ဆိုင်းခဲ့ရသည့် စပါးစ်နှင့် လေတန်အိုရီးယန့်တို့၏တတိယအဆင့်ပွဲစဉ်တွင် စပါးစ်ကို အနိုင်ပေးလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပြီ ဖြစ်သည်။

စပါးစ်သည် ကာရာဘောင်းဖလား စတုတ္ထအဆင့်တွင် လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။ ကာရာဘောင်းဖလား စတုတ္ထအဆင့်တွင် လီဗာပူးနှင့် အာဆင်နယ်တို့လည်း ထိပ်တိုက်တွေ့ဆုံနေပြီး ၎င်းတို့နှစ်သင်းမှာ တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ကြမည် ဖြစ်သည်။ စပါးစ်သည် လာမည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ချဲလ်ဆီးကို ဧည့်ခံကစားရမည်ဖြစ်သည်။ စပါးစ်သည် ယင်းပွဲမတိုင်မီ မက္ကဘီဟိုက်ဖာနှင့် ယူရိုပါလိဂ်ခြေစစ်ပွဲ ပလေးအော့ဖ် ကစားရဦးမည် ဖြစ်သည်။

ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်များ

လီဗာပူး – အာဆင်နယ်

ဘန်လေ – မန်စီးတီး

ဘရန့်ဖို့ဒ် – ဖူလ်ဟမ်

အဲဗာတန် – ဝက်စ်ဟမ်း

ဗီလာ – စတုတ်စီးတီး

စပါးစ် – ချဲလ်ဆီး

နယူးပေါ့ကောင်တီ – နယူးကာဆယ်

ဘရိုက်တန် – မန်ယူ

Facebook Comments Box
Facebook Comment