ကာဗာနီမှာ ပွဲကစားရန် အဆင်သင့်မဖြစ်သေးကြောင်း ဆိုးလ်ရှား ဖွင့်ဟ

မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားက ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ယူနိုက်တက်လူစာရင်းတွင် တိုက်စစ်မှူးသစ် အက်ဒီဆင်ကာဗာနီအား ချန်လှပ်ထားခဲ့မှုမှာ ပွဲကစားရန် အဆင်သင့် မဖြစ်သေးခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဥရုဂွေးစတားသည် ယခုနွေရာသီတွင် ပြင်သစ်လီဂူး၁ ကလပ်တွင် ၇ ရာသီကြာ ကစားပြီးနောက် ထွက်ခွာလာခဲ့သူ ဖြစ်သည်။

သူသည် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်တွင် ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခဲ့သူဖြစ်သည်။ သူသည် ဗြိတိန်သို့ ရောက်လာချိန်တွင် ကွာရန်တင်းဝင်ရမှုကြောင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့ကမှ ယူနိုက်တက်နှင့်အတူ လေ့ကျင့်ခန်းစတင် ပြုလုပ်ခဲ့ရသည်။ သူသည် မတ်လ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးမှ ဘောလုံးပွဲများ ရပ်ဆိုင်းလိုက်ပြီးကတည်းက ယခုတိုင် တစ်ပွဲမျှ မကစားရသေးသည့် သူလည်း ဖြစ်သည်။

ဆိုးလ်ရှားက “ကျွန်တော်တို့က သူ့ကို ပါလာစေချင်ပါတယ်။ ဒါပေမယ့် သူက ပွဲမကစားရတာ အတော်ကြာပါပြီ။ သူ့ကို လေ့ကျင့်ခန်းဘဲ ဆက်လုပ်စေတာက အကောင်းဆုံးလုပ်ထင်ပါတယ်။ သူ့ကို အဆင်သင့်ဖြစ်အောင် လု်ပ‌ခိုင်းထားပါတယ်။ အက်ဒီကလည်း သူ ဘာလုပ်ချင်တယ်၊ ဘာလိုအပ်တယ်ဆိုတာ သိပါတယ်။ သူကိုယ်တိုင်ကလည်း အဆင်သင့်ဖြစ်နေပြီလို့ မခံစားရပါဘူး”ဟု ပြောကြားခဲ့သည်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားသည် ပီအက်စ်ဂျီနှင့်ပွဲအတွက် လူစာရင်းတွင် ဟယ်ရီမက်ဂွိုင်းယား၊ လင်ဂတ်၊ အဲရစ်ဘိုင်လီတို့ကိုလည်း ချန်လှပ်ထားခဲ့သည်။

ဆိုးလ်ရှားသည် မက်ဂွိုင်းယား မပါဝင်မှုနှင့်အတူ ကွင်းလယ်ကစားသမားဘရူနိုင်ဖာနန်ဒက်စ်ကို ပီအက်စ်ဂျီနှင့်ပွဲအတွက် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားသည်။

ဖာနန်ဒက်စ်က “ဒီပွဲမှာ သူမပါဝင်တာက ဖြစ်ရိုးဖြစ်စဉ်ပါ။ သူက လေ့ကျင့်ခန်းနှစ်ရက်ဘဲ လုပ်ရပါသေးတယ်။ ပိုကောင်းအောင် လု်ပဖို့ လိုတယ်လို့ သူက ယူဆထားပါတယ်။ ဒီမှာ ကောင်းမွန်စွာဘဲ အထိုင်ကျပါတယ်။ ကျွန်တော်တို့နဲ့အတူ တစ်ကြိမ်တည်းဘဲ လေ့ကျင့်ခန်းဆင်းရပါသေးတယ်။ သူက လေ့ကျင့်ခန်းအပြင်းအထန်ကြိုးစားလုပ်တယ်။ သူ့လေ့ကျင့်ပုံအတိုင်းဆိုရင် သူက ကျွန်တော်တို့ကို ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားဖြစ်လာမှာပါ”ဟု ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment