ကလေးများ အစားအစာအခမဲ့စားခွင့်ရရှိရေး မားကပ်စ်ရပ်ရှ်ဖို့ဒ်၏ လုပ်ဆောင်မှုမှာ အင်မတန်ကြီးကျယ်ကောင်းမွန်ကြောင်း ကလော့ပ်ပြောကြား

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က မားကပ်စ်ရပ်ရှ်ဖို့ဒ်၏ ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များ အစားအစာ အခမဲ့ စားသောက်ခွင့် ရရှိရေး လုပ်ဆောင်မှုမှာ အလွန်ကြီးကျယ်ကောင်းမွန်ကြောင်း ပြောကြားလိုက်သည်။ အသက် ၂၂ နှစ်ရှိ မန်ယူနှင့်အင်္ဂလန်တိုက်စစ်မှူးသည် ကိုဗစ်ကြောင့် ကျောင်းပိတ်ထားစဉ်ကာလအတွင်းတွင် နွမ်းပါးသည့် ကလေးငယ်များကို အဟာရပြည့်ဝစွာ စားသောက်ခွင့် ရရှိရေးအတွက် ရှေ့တန်းမှ လုပ်ဆောင်နေပြီး ၎င်း၏ တောင်းဆိုမှုကို ဗြိတိန်အမတ်များက ပယ်ချထားသည်။ သို့ရာတွင် ရပ်ရှ်ဖို့ဒ်သည် သူ၏တိုက်ပွဲကို နောက်ဆုတ်လိုက်ခြင်း မရှိဘဲ ဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းများ၊ စားသောက်ဆိုင်များ ပါဝင် လုပ်ဆောင်လာကြရန် တိုက်တွန်းနေသည်။

ကလော့ပ်က “ဒီလိုဖြစ်ရပ်တွေမှာတော့ ကျွန်တော်တို့ဟာ ဘောလုံးသမားတွေအနေနဲ့ရော လူသားအနေနဲ့ရော အမြဲတမ်း စည်းလုံးညီညွှတ်ကြရပါမယ်။ မားကပ်စ် လုပ်ဆောင်မှုတွေက အရမ်းကို ကြီးကျယ် ကောင်းမွန်လှပါတယ်”ဟု ပြောကြားသွားသည်။

မားကပ်ရပ်ရှ်ဖို့ဒ်၏ ရှေ့တန်းမှ တိုက်ပွဲဝင်မှုကြောင့် လီဗာပူးအပါအင် ဗြိတိန်တလွှားရှိ စားသောက်ဆိုင်များ၊ မြို့တော်ကောင်စီများ၊ ငါးနှင့် အသားဆိုင်များသည်လည်း နွမ်းပါးသည့် မိသားစုမှ ကလေးများအတွက် အစားအသောက် ဝေမျှမှုတွင် ပါဝင်လုပ်ဆောင်နေသည်။

ရပ်ရှ်ဖို့ဒ်သည် ယင်းသို့ ကလေးငယ်များ အဟာရပြည့်ဝစွာ စားသောက်ခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်မှုကြောင့် ဗြိတိန်ဘုရင်မကြီး၏ MBE ဘွဲ့ချီးမြှင့်ခြင်း ခံထားရသည်။

ဆက်လက်ပြီး ကလော့ပ်က “သူ့အမေ့ကတော့ သူ့သားအတွက် အရမ်းဂုဏ်ယူနေ မှာပါ။ သူနဲ့ ကျွန်တော် မသိပေမယ့် သူ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ လီဗာပူးလည်း အခုလို အရေးပါတဲ့အချိန်မှာ ပါဝင်လာလို့ အရမ်းဝမ်းသာရပါတယ်” ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment