ကလပ်သမိုင်း ၁၃၄ နှစ်တွင် အဆိုးရွားဆုံး ထိခိုက်မှုခံထားရကြောင်း အာဆင်နယ်စီအီးအိုပြောကြား

အာဆင်နယ်အမှုဆောင်ချုပ်ဗီနိုင်းဗန်ကာတီရှမ်က ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုမှာ ကလပ်၏ ၁၃၄ နှစ်သမိုင်းတွင် အဆိုးရွားဆုံးထိခိုက်မှုကြောင်း ပြောကြားလိုက်သည်။ အာဆင်နယ်သည် ကမ္ဘာတစ်ဝှမ်းလုံးမှ အခြားဘောလုံးကလပ်များကဲ့သို့ပင် ကိုရိုနာဗိုင်ရပ်စ်ကြောင့် ဝင်ငွေ အကြီးအကျယ် ထိခိုက်ခဲ့သည့် ကလပ်များထဲမှ တစ်ခု ဖြစ်သည်။ အာဆင်နယ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝင်ငွေ ထိခိုက်မှုနှင့်အတူ ဝန်ထမ်း ၅၅ ဦးကို ထုတ်ပယ်ကာ အသုံးစရိတ် လျှော့ချမှု ပြုလု်ပခဲ့ရသည်။

ဗန်ကာတီရှမ်က ယင်းသို့ ဝန်ထမ်းလျှော့ချမှု လုပ်ရမှုနှင့်အတူ ၎င်းမှာ အိပ်မရညများစွာရှိခဲ့ကြောင်း ဝန်ခံသွားသည်။

အာဆင်နယ်နည်းပြအာတီတာကမူ ယင်းသို့ ဝန်ထမ်းလျှော့ချမှုနှင့်ပတ်သက်၍ ကလပ်၏လုပ်ဆောင်မှုကို ကာကွယ်သွားခဲ့သည်။ အာဆင်နယ်သည် ဝန်ထမ်းလျှော့ချမှု ပြုလုပ်ခဲ့သော်လည်း တိုက်စစ်မှူးနှင့်အသင်းခေါင်းဆောင်အူ ဘာမီယန်ကို တစ်ပတ်လုပ်ခပေါင် ၂၅၀၀၀၀ ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေဆဲ ဖြစ်သည်။

ဗန်ကာတီရှမ်က “အာဆင်နယ်ရဲ့၁၃၄နှစ်သမိုင်းမှာ အခက်ခဲဆုံးကိုးလတာကို ရင်ဆိုင်ခဲ့ရတာပါ။ ကလပ် နှစ်ရှည်ရပ်တည်ရေးအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် အချို့ကို ချခဲ့ရပါတယ်။ ကိုရိုနာဗိုင်းခေတ်မတိုင်မီနဲ့ကာလနဲ့ကွဲပြားတဲ့ စီးပွားရေးအခြေအနေကြုံနေပါတယ်။ အလားတူ လာမယ့် ခြောက်လတာအတွင်းမှာ ဘာတွေ ဖြစ်ပျက်လာမယ်ဆိုတာ ဘယ်သူမှ မသိသေးပါဘူး။ ဒီအပတ်မှာ အစိုးရက အောက်တိုဘာလအထိ ပရိသတ်တွေ ကွင်းထဲ ဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ ကြေညာထားတယ်။ တရုတ်နဲ့ ပရီးမီးယားလိဂ်စာချုပ်ကို ရပ်ဆိုင်းလိုက်တာ မြင်ခဲ့ရပြီးပါပြီ။ ပရိသတ်တွေကို လုံခြုံစိတ်ချရတဲ့နည်းလမ်းနဲ့ ကွင်းသို့ ပြန်ခေါ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ကွင်းဝင်ကြေး၊ ကြော်ငြာဝင်ငွေ၊ ရုပ်သံလွှင့်ခဝင်ငွေတွေကတော့ ကာလရှည်ကြာ ထိခိုက်နေပါဦးမယ်။ ဒါတွေကို ရင်ဆိုင်ဖို့ ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ အခြားတစ်ဖက်မှာ ကျွန်တော်တို့အနေနဲ့ လေကြောင်းလိုင်းတွေက လေယာဉ်သစ် ဝယ်သလိုဘဲ ကစားသမားသစ်တွေ ခေါ်ယူဖို့လည်း လိုပါတယ်”ဟု ပြောကြားသွားသည်။

အာဆင်နယ်သည် ယခု နွေရာသီအပြောင်းအရွှေ့တွင် ဘရာဇီးအလယ်တန်း ကစားသမားဝီလီယံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပြီး လိုင်လီမှ ဘရာဇီး နောက်ခံလူဂါဘရီရယ်ကို ပေါင် ၂၃.၁၄ သန်းဖြင့် ခေါ်ယူထားသည်။

မကြာသေးမီတုန်းက ဥရောပကလပ်များအဖွဲ့ချုပ်ဥက္ကဌ အက်ဂနယ်လီက ဥရောပတလွှား ဘောလုံးကလပ်များမှာ ပေါင် ၃.၇ ဘီလီယံအထိ နစ်နာဆုံးရှုံးမှု ရှိလာမည်ဟု သတိပေးထားသည်။

ဒါ့အပြင် ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာက ၂၀၂၀-၂၁ ရာသီတွင် ပရီးမီးယားလိဂ်ပွဲများအား ပရိသတ်များကို ဝင်ကြည့်ခွင့်မပေးပါက နစ်နာမှု ပေါင်သန်း ၇၀၀ အထိ ရှိလာမည်ဟု ပြောကြားထားသည်။

Facebook Comments Box
Facebook Comment