
ကမ္ဘာ့ဖလားနှင့်ယူရိုတို့ကို ၂ နှစ်တစ်ကြိမ်စီဖြင့် ဆက်တိုက် ကျင်းပရန် အာစင်ဝင်းဂါးတိုက်တွန်း
အာဆင်နယ်ဂန္ထဝင်နည်းပြအာစင်ဝင်းဂါးက UEFA Nations League ပြိုင်ပွဲကို ဖျက်သိမ်းပြီး ကမ္ဘာ့ဖလားနှင့် ယူရိုဖလားပြိုင်ပွဲတို့ကို ခေတ်သစ်ကမ္ဘာနှင့်လိုက်လျောညီထွေစွာ ၂ နှစ်တစ်ကြိမ်စီဖြင့် ဆက်တိုက် ကျင်းပသင့်ကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။
အစဉ်အလာအားဖြင့် ကမ္ဘာ့ဖလားနှင့် ယူရို ပြိုင်ပွဲတို့ကို လေးနှစ်တစ်ကြိမ်စီ ကျင်းပလေ့ရှိပြီး လာမည့် ကမ္ဘာ့ဖလားကို ၂၀၂၂ ခုနှစ်နှင့် ယူရိုပြိုင်ပွဲကို ကိုဗစ်ကြောင့် ရွှေ့ဆိုင်းရမှုနှင့်အတူ လာမည့် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည် ဖြစ်သည်။
UEFA သည် လက်ရွေးစင်အသင်းများတွင် ပြိုင်ပွဲပိုများလာစေရန်အတွက် ဒုတိယပြိုင်ပွဲအဖြစ် UEFA Nations League ကို ကျင်းပနေသည်။
၂၀၁၉ ခုနှစ်က ကျင်းပသည့် ပထမဆုံး Nations League ပြိုင်ပွဲတွင် ပေါ်တူဂီက နယ်သာလန်ကို ဗိုလ်လုပွဲတွင် ၁-၀ ဖြင့် အနိုင်ရရှိကာ ချန်ပီယံ ဖြစ်ထားသည်။

သို့ရာတွင် ၂၀၁၉ ခုနှစ်ကတည်းက ဖီဖာ၏ ကမ္ဘာ့ဘောလုံးလောကတိုးတက်ရေးဌာနတွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လာခဲ့သည့် အာစင်ဝင်းဂါးက ဘောလုံးပရိသတ်အများစုမှာ Nations League ကို နားလည်ခြင်းမရှိသလို ဂရုလည်း မစိုက်ကြောင်းနှင့် ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲတို့ကို ၄ နှစ်တစ်ကြိမ်အစား ၂ နှစ်တစ်ကြိမ်စီ ကျင်းပပါက နိုင်ငံတကာပွဲများအပေါ် ပရိသတ်များ ပိုမိုအာရုံစိုက်လာမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဝင်းဂါးက “Nations League ကို ဖျက်လိုက်ဖို့ လိုတယ်။ လူတိုင်း နားလည်တဲ့ ပြိုင်ပွဲကျင်းပဖို့ နည်းလမ်း ရှာရပါမယ်။ လမ်းမပေါ်မှာ သွားနေတဲ့ လူတွေကို Nations League နဲ့ပတ်သက်ပြီး မေးကြည့်လိုက်စမ်းပါ။ ဘာမှ ဖြေနိုင်ကြမှာ မဟုတ်ပါဘူး။ ပြိုင်ပွဲတွေ လိုအပ်တယ်။ တစ်နှစ်ပြီး တစ်နှစ် ကမ္ဘာ့ဖလားနဲ့ ယူရို တစ်လှည့်စီကျင်းပနိုင်အောင် လုပ်ခြင်းကသာ မော်ဒယ်ကမ္ဘာကြီးနဲ့ ပိုပြီးတော့ အံဝင်လာစေပါမယ်”ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဝင်းဂါးက ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲတို့၏ ခြေစစ်ပွဲစဉ်များအားလုံးကို တစ်လအတွင်း အပြီးကစားစေမည်ဖြစ်ကြောင်း ဆိုသွားသည်။ ဝင်းဂါး၏ ပြောကြားချက်အရ ဖီဖာသည် ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲအား ၂ နှစ် တစ်ကြိမ်စီ ကျင်းပရေး ဆွေးနွေးထားပြီး ဖြစ်ကြောင်းနှင့် ယင်းသို့ အစဉ်အလာကို ပြောင်းလဲ ကျင်းပမှုကြောင့် ပြိုင်ပွဲ အနှစ်သာရ ပျောက်ဆုံးမည်မဟုတ်ကြောင်းလည်း ပြောကြားသွားသည်။