ကစားသမား ၅ ဦး လူစားလဲလှယ်ရေးစနစ် ပြန်သုံးရေး စဉ်းစားရန် ပရီးမီးယားလိဂ်ကို ဆောက်ဂိတ်တိုက်တွန်း

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်က ပရီးမီးယားလိဂ်အနေဖြင့် ကစားသမား ၅ ဦး လူစားလဲလှယ်ရေးစနစ် ပြန်သုံးရန် ပြန်လည်စဉ်းစားသင့်ကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။ ဆောက်ဂိတ်သည် နိုင်ငံတကာပွဲစဉ်များအတွင်းတွင် ကစားသမားအများအပြား ဒဏ်ရာပြဿနာနှင့်ကြုံရပြီးနောက် ကစားသမား ၅ ဦး လူစားလဲသည့် စနစ်ကို သုံးရေး ပြန်လည်သုံးသပ်ရန် တိုက်တွန်းလာခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာတဝှမ်းလုံးတွင် ကျင်းပနေသည့် ဘောလုံးပြိုင်ပွဲအားလုံးတွင် ကိုဗစ်ကြောင့် ကျန်းမာရေး ဦးစားပေးသည့်အနေဖြင့် ကစားသမား ၅ ဦး လူစားလဲလှယ်သည့် စနစ်ကို သုံးနေသော်လည်း ပရီးမီးယားလိဂ်မှာမူ ကစားသမား ၃ ဦး လူစားလဲသည့်စနစ်ကို သုံးနေသည်။

လီဗာပူးနည်းပြကလော့ပ်နှင့် မန်စီးတီးနည်းပြဂွါဒီယိုလာတို့သည် ပွဲဆက်များနေမှုကြောင့် အသင်းတွင် ဒဏ်ရာပြဿနာများစွာ ကြုံလာရပြီးနောက် ကစားသမားများအား အနားပေးနိုင်ရန်အတွက် ကစားသမား ၅ ဦး လူစားလဲလှယ်သည့် စနစ်ကို သုံးရန် တိုက်တွန်း နေသည်။

သို့ရာတွင် ပရီးမီးယားလိဂ်ကလပ်ကမူ ကစားသမား ၅ ဦး လူစားလဲသည့် စနစ်ကို ပြန်လည် သုံးသပ်မည်မဟုတ်ကြောင်း ပြောကြားထားသည်။

အင်္ဂလန်အသင်းမှ ရာဟမ်းစတာလင်း၊ ဂျော်ဒန်ဟင်ဒါဆင်၊ ဘင်ချဲလ်ဝဲလ်တို့သည် ဒဏ်ရာပြဿနာများကြုံခဲ့ရသည့် အပြင် လီဗာပူးနောက်ခံလူဂိုမက်ဇ်မှာလည်း ဒူးဒဏ်ရာရရှိခဲ့ကာ ရာသီအကုန်အထိ အနားယူရတော့မည် ဖြစ်သည်။

ထို့ကြောင့် ဆောက်ဂိတ်က “ဘယ်လ်ဂျီယံနဲ့ပွဲမှာ ကျွန်တော်တို့မှာ ကစားသမား ၅ ဦး လဲခွင့် ရှိပေမယ့် ၄ ဦးဘဲ လဲခဲ့တယ်။ ဒါပေမယ့် ကလပ်တွေမှာတော့ ဒီလို အခွင့်အရေး မရပါဘူး။ ဘာကြောင့် ပြောင်းလဲဖို့ လိုအပ်နေသလဲ။ ကလပ်နည်းပြတွေကိုလည်း မျှမျှတတ လုပ်ခွင့်ပေးရပါမယ်။ သူတို့အတွက် ကစားသမားတွေက ဦးစားပေးပါ။ သူတို့ ကြံ့ခိုင်တယ်ထင်တဲ့သူကိုဘဲ ကစားခွင့်ပေးပါတယ်။ ကစားသမားအများကြီး လဲခွင့်ရတဲ့အတွက် ကစားသမားတွေ ပွဲပန်းမှု နည်းစေပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment