ကစားသမားဟောင်းဇာဟာရဲ့သွင်းဂိုးတွေကြောင့် EPL အဖွင့်ပွဲမှာ နစ်မြှပ်သွားခဲ့တဲ့ မန်ယူ

ဝီလ်ဖရိုင်းဇာဟာရဲ့အသင်းဟောင်းဘက်သို့ သွင်းယူတဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ခရစ္စတယ်ပဲလေ့စ်ဟာ မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ မန်ယူကတော့ ၂၀၂၀-၂၁ ပရီးမီးယားလိဂ် ရာသီသစ်ကို အရှုံးနဲ့ စတင်ဖွင့်လှစ်ခဲ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ ဒီ အိုးထရက်ဖို့ဒ်နိုင်ပွဲကြောင့် အိုးထရက်ဖို့ဒ်မှာ နှစ်ရာသီဆက်တိုက် အနိုင်ရရှိတဲ့ ဒုတိယမြောက်လန်ဒန်ကလပ်(ပထမဆုံးကလပ်မှာ စပါးစ်ဖြစ်ပြီး ၂၀၁၂-၁၃/၂၀၁၃-၁၄)ဖြစ်လာပါမယ်။ ဒါ့အပြင် မန်ယူဟာ ပရီးမီးယားလိဂ်သမိုင်းမှာ တတိယအကြိမ်မြောက် အဖွင့်ပွဲအရှုံးနှင့် (အဲဗာတန် ၁၉၉၂-၉၃/ဆွမ်စီး ၂၀၁၄-၁၅)နဲ့ ကြုံခဲ့ရပါတယ်။

မန်ယူဟာ အိမ်ကွင်းမှာ ကစားခဲ့ရတယ်ဆိုပေမယ့်လည်း တိုက်စစ်ကစားဟန်က အားရစရာမရှိတဲ့ အပြင် ဖန်တီးမှုအပိုင်းကလည်း မကောင်းပါဘူး။ အထူးသဖြင့် ပွဲအစပိုင်းမှာ မန်ယူဟာ အထနှေးခဲ့ပြီး ယင်းကို အခွင့်အရေးအဖြစ် ပဲ့လေ့စ်က ပိုင်ပိုင်နိုင်နိုင် အသုံးချကာ ဂိုးသွင်းယူခဲ့တာဆိုရင်လည်း မမှားပါဘူး။ မန်ယူဟာ ယမန်နှစ်များလို ရာသီကြိုစခန်းသွင်းလေ့ကျင့်ခန်းဆင်းမှုကောင်း ကောင်းမလုပ်နိုင်မှု၊ ခြေစမ်းပွဲများစွာ မကစားနိုင်ခဲ့မှုတို့နှင့်အတူ ပဲလေ့စ်နှင့်ပွဲမှာ ခြေစွမ်းပိုင်း အကောင်းဆုံးအနေအထားမှာ မရှိခဲ့ပါဘူး။

မန်ယူနည်းပြဆိုးလ်ရှားဟာ ပွဲထွက်ဂိုးသမား ဒီဂီယာကို အသုံးပြုသွားပြီး ဟင်ဒါဆင်ကို အရန်အဖြစ် အသုံးပြုသွားပါတယ်။ ဗဟိုခံစစ်မှာ လင်ဒီလော့ဖ်နှင့် အသင်းခေါင်းဆောင်မက်ဂွိုင်းယား အတွဲကို ပွဲထုတ်ကာ အလယ်တန်းမှာ ပေါ့ဘာ၊ မက်တိုမီနေး၊ ဂျိမ်းစ်၊ ဖာနန်ဒက်စ်နှင့်နှင့်ပွဲထွက်ခဲ့ပါတယ်။ တိုက်စစ်မှာ မာရှယ်နှင့် ရပ်ရှ်ဖို့ဒ်တို့အတွဲကိုဘဲ သုံးခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်မှာလည်း ကူယိတ်၊ ဆာခို၊ တောင်းဆင့်၊ မက္ကာသီ၊ ရှလုပ်၊ အယော၊ ဇာဟာ စတဲ့ အဓိကကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ယခုပွဲမှာ အိမ်ရှင် မန်ယူဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရရှိခဲ့တယ်ဆိုပေမယ့် စွဲမက်စရာကစားဟန်နဲ့ မကစားနိုင်ခဲ့သလို ပဲလေ့စ်ဟာလည်း အနိုင်ရခဲ့တယ်ဆိုပေမယ့် ခြေစွမ်းက မကောင်းခဲ့ပါဘူး။ ဒါကြောင့်လည်း မန်ယူ-ခရစ္စတယ်ပဲလေ့စ်ပွဲစဉ်က ပျင်းစရာကောင်းနေခဲ့တယ်ဆိုရင် မမှားပါဘူး။

ခရစ္စတယ်ပဲလေ့စ်ဟာ ပွဲချိန် ၇ မိနစ်မှာ ဂျက်ဖရေးရှလုပ်ရဲ့ ဖြတ်တင်ဘောလကနေ အင်ဒရို့စ်တောင်းဆင်းက ပိတ်သွင်းမှုနဲ့အတူ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဦးဆောင်ပေး စောစောစီးစီးပေးလိုက်ရတဲ့ မန်ယူဟာ ချေပဂိုးနဲ့ အနိုင်ရရှိရေးအတွက် ခရစ္စတယ်ပဲလေ့စ်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ တိုက်စစ် ဆင်ခဲ့ပေမယ့်လည်း အကောင်းဆုံးပုံစံရရှိဖို့ ရုန်းကန်ရမှုနဲ့အတူ အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။ အထူးသဖြင့် မန်ယူဟာ ကစားဟန်မကောင်းတဲ့အပြင် အနိုင်ရလိုစိတ်လည်း ပျောက်ဆုံးနေတာ တွေ့ရပါတယ်။

ဒုတိယပိုင်းပွဲချိန် ၇၄ မိနစ်မှာ ဇာဟာက အငြင်းပွားစရာအနေအထားမှ ရရှိတဲ့ ပင်နယ်တီကနေ ခရစ္စတယ်ပဲလေ့စ်အတွက် ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ ကွင်းလယ်ဒိုင်လူကြီးမာတင်အက်ကင်ဆင်ဟာ လင်ဒီလော့ဖ်ကို ဧရိယာအတွင်း လက်ထိဘောဖြစ်တယ်ဆိုပြီး ပင်နယ်တီ ပေးခဲ့ပါတယ်။ ယင်းပင်နယ်တီကို ဂျော်ဒန်အယော ကန်သွင်းခဲ့ရာမှာ ဒီဂီယာက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးက စပိန်ဂိုးသမားကို ပင်နယ်တီမကန်ခင် ဂိုးစည်းမှ နေရာရွှေ့တယ်ဆိုပြီး ပဲလေ့စ်အား ပင်နယ်တီ ပြန်ကန်ခိုင်းခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ဇာဟာက အမှားအယွင်းမှာ ကန်သွင်းကာ ပဲလေ့စ်အတွက် ဒုတိယဂိုးသွင်းခဲ့ပါတယ်။

မန်ယူဟာ အရန်အဖြစ် လူစားဝင်လာတဲ့ ဗန်ဒီဘိခ်ရဲ့ ပွဲချိန် ၈၀ မိနစ် ချေပဂိုးကြောင့် မျှော်လင့်ချက်လင်းလက်လာပါသေးတယ်။ ဗန်ဒီဘိခ်ဟာ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူရဲ့ အမှားကနေ အပိုင်ပိတ်သွင်းပြီး မန်ယူအတွက် ချေပဂိုးသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒီဘိခ်ဟာ မန်ယူအတွက် ပထမဆုံး ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ၂၀ ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။ သူဟာ အရန်ဝင်ကစားပြီးနောက် ဂိုးသွင်းနိုင်တဲ့ ၁၀ ဦးမြောက် မန်ယူပွဲဦးထွက် ကစားသမားလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ ဇာဟာကဘဲ ဧရိယာအတွင်းပိုင်း အစပ်ကနေ ဂိုးသမားရဲ့ ဘယ်ထောင့်သို့ အကန်ပြီး ခရစ္စတယ်လေ့စ်အတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ အိုးထရက်ဖို့ဒ်နိုင်ပွဲကြောင့် ကလပ်သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲ နိုင်ပွဲဆက်တိုက် မှတ်တမ်းကောင်း ရရှိသွားခဲ့ပါတယ်။

လူစာရင်း

မန်ယူလူစာရင်း

ဂိုး -ဒီဂီယာ။

နောက်တန်း – ဖူဆာမန်ဆာ (အိုင်ဂါလို ၈၁ မိနစ်)၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား ၊ လုပ်ခ်ရှော့။

အလယ်တန်း – ပေါ့ဘာ (ဗန်ဒီဘိခ် ၆၇ မိနစ်)၊ မက်တိုမီနေး၊ ဂျိမ်းစ် (ဂရင်းဝုဒ် ၄၅ မိနစ်)၊ ဘရူနိုဖာနန်ဒက်စ်။

ရှေ့တန်း – ရပ်ရှ်ဖို့ဒ်၊ မာရှယ်။

ခရစ္စတယ်ပဲလေ့စ်လူစာရင်း

ဂိုး – ဂူယေတာ။

နောက်တန်း – ဝတ်ဒ်၊ ကူယိတ်၊ ဆာခို၊ မစ်ချဲလ်။

အလယ်တန်း – တောင်းဆင့်၊ မက်အာသာ၊ မက္ကာသီ၊ ရှလုပ် ( အီးဇီး ၇၅ မိနစ်)။

ရှေ့တန်း – အယော (ဘက်ရူရီ ၈၁ မိနစ်)၊ ဇာဟာ။

Facebook Comments Box
Facebook Comment