ကစားသမားများ လစာလျှော့မယူပါက ဘာစီလိုနာ ဒေဝါလီ ခံရနိုင်

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဘဏ္ဍာရေး ထိခိုက်မှု ကြုံနေရသော လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုအဖြစ် ကစားသမားများသာ လစာငွေ လျှော့မယူပါက ဒေဝါလီခံရတော့မည်ဟု သိရသည်။

လာလီဂါ ချန်ပီယံ ၂၆ ကြိမ်၊ စပိန် ဘုရင့်ဖလား ချန်ပီယံ ၃၀ ကြိမ်၊ ချန်ပီယံလိဂ် ၅ ကြိမ် အပါအဝင် အဓိကဆုဖလား ၉၄ လုံး ရရှိထားသော ဘာစီလိုနာ သည် အောက်တိုဘာလ အစောပိုင်းက ယူရို သန်း ၁၀၀ အရှုံးပေါ်ခဲ့သည်ဟု ကြေညာသည်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း အရှုံးပေါ်ခဲ့သော အဆိုပါ ပမာဏသည် COVID-19 ကြောင့် အဓိက ဆုံးရှုံးရခြင်းဖြစ်သည်။

ဘာစီလိုနာ အခြေစိုက် ကာတာလန် ဘာသာဖြင့် ထုတ်လွှင့်သော RAC1 ရေဒီယို သတင်းဌာန၏ ဖော်ပြမှုအရ လာမည့်အပတ် မတိုင်မီ ကစားသမားများ၏ လစာငွေကို ယူရိုသန်း ၁၉၀ အထိ လျှော့ချရန် လိုအပ်ပြီး ထိုသို့ မလုပ်နိုင်ပါက ဒေဝါလီ ခံရတော့မည်ဟု သိရသည်။

အတိအကျဆိုရလျှင် နိုဝင်ဘာ ၅ ရက်မတိုင်မီ ကစားသမားများ၏ လစာကို ၃၀ ရာခိုင်နှုန်းစီ လျှော့ချနိုင်ရန် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ အဆင်ပြေနိုင်မည် ဖြစ်သည်။

ထိုသို့ မဟုတ်ပါက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီတွင် လူမွဲစာရင်း ကြေညာခံရမည်ဖြစ်ပြီး အနိမ့်ဆုံး လစာငွေနှင့် ပတ်သက်၍ ကစားသမားများနှင့် ဘာစီလိုနာ ကလပ်ကိုယ်စားပြု ရှေ့နေများ အောက်တိုဘာ ၃၀ ရက်(ယမန်နေ့)မှ စ၍ ဆွေးနွေးမှုများ ပြုလုပ်နေသည်။

ဥက္ကဋ္ဌဟောင်း ဘာတိုမြူ ရာထူးမှ နုတ်ထွက်ပြီးနောက် ဘာစီလိုနာ၏ စီမံခန့်ခွဲမှုများကို ပြုလုပ်နေသည့် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကားလက်စ်တက်စ်ကေးက ကလပ်၏ အဓိက စိုးရိမ်စရာ ကိစ္စက ဘဏ္ဍာရေးပိုင်း ဖြစ်ပြီး COVID-19 ကြောင့် ထိခိုက်မှု ကြီးမားခဲ့ကြောင်း၊ ဘာစီလိုနာသို့ လာ ရောက်လည်ပတ်သည့် ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရသည့် ကလပ်အနေဖြင့် ယခုအခါ ဝင်ငွေမရှိတော့သည့် အနေအထားက အဆင်မပြေကြောင်း ပြောကြားထားသည်။

နောက်ထပ် စိုးရိမ်စရာတစ်ခုက အသင်းခေါင်းဆောင် မက်ဆီကသာ စာချုပ်သက်တမ်း မတိုးပါက စာချုပ်ပြည့်သည်အထိ ကစားသည့်အတွက် ၎င်းကို အပိုဆုကြေး ပေးရမည့် အချက်ဖြစ်သည်။

Ref:RAC1

Facebook Comments Box
Facebook Comment