ကစားသမားများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် ဇနီးထံမှ အကြံဉာဏ် ယူနေရဟု လမ်းပတ် ဝန်ခံ

နည်းပြတစ်ယောက်သည် အသင်းတစ်သင်း၏ ကောင်းမွေ၊ ဆိုးမွေ အားလုံးကို တာဝန်ယူရသည့် မာလိန်မှူးတစ်ယောက်အဖြစ် အားလုံးက သတ်မှတ်ထားသော်လည်း ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကမူ ကစားသမားများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ဇနီးသည်ထံမှ အကြံဉာဏ် ရယူနေရသည်ဟု ဝန်ခံလိုက်သည်။

ထို့ကြောင့် ဂျိုဒီမောရစ် အပါအဝင် ချဲလ်ဆီးနည်းပြအဖွဲ့ဝင်များသာ လမ်းပတ်၏ စီမံခန့်ခွဲမှုအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိသူများအဖြစ် ထင်မှတ်ထားခြင်းက မှားယွင်းလျက်ရှိပြီး ဇနီးသည် ခရစ္စတင်းကိုပါ ထည့်သွင်းထားရတော့မည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၄၂ နှစ်အရွယ် လမ်းပတ်သည် ၂၀၁၉ ဇူလိုင်လတွင် အသင်ဟောင်းချဲလ်ဆီးကို ကိုင်တွယ်ခဲ့ပြီး ယမန်နှစ်ရာသီက ပရီးမီးယားလိဂ် အဆင့် ၄ နေရာရယူကာ ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့သလို အက်ဖ်အေဖလား ဗိုလ်လုပွဲသို့လည်း တက်ရောက်နိုင်ခဲ့သည်။

ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်သည် အသင်း၏ ဂန္ထဝင်ကစားသမားဟောင်း လမ်းပတ်ကို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားပြီး ကစားသမား ခေါ်ယူမှုအပိုင်းကိုလည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားသည်။

လမ်းပတ်သည် ကစားသမားခေါ်ယူမှုနှင့် ပတ်သက်၍ နည်းပြအဖွဲ့ဝင်များနှင့် ဆွေးနွေးကာ ပြုလုပ်လျက်ရှိသော်လည်း ကစားသမားများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များနှင့် ပတ်သက်လာလျှင်မူ ဇနီးသည် ခရစ္စတင်းနှင့်တိုင်ပင်ကာ အကြံဉာဏ်များ ရယူလေ့ရှိသည်ဟု ဝန်ခံသည်။

လမ်းပတ်သည် စပိန်မော်ဒယ် အီလန်ရီဗက်စ်နှင့် သမီးနှစ်ဦး ထွန်းကားခဲ့သော်လည်း ကွာရှင်းပြတ်စဲခဲ့ပြီးနောက် မြောက်အိုင်ယာလန် ရုပ်သံတင်ဆက်သူ ခရစ္စတင်းနှင့် ၂၀၁၅ ခုနှစ်အတွင်း လက်ထပ်ကာ ၂ နှစ်အရွယ် သမီးတစ်ဦး ထွန်းကားထားသည်။

လမ်းပတ်က ချဲလ်ဆီးကစားသမားများ၏ အချစ်ရေး၊ အိမ်ထောင်ရေး စသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်လျှင် ဇနီးသည်ထံမှ အကြံယူရပြီး မည်သို့လုပ်ဆောင်ရမည်ကို ပြောပြလေ့ရှိသည်ဟု ဆိုသည်။

“ကျွန်တော်က ခရစ္စတင်း ဒီပြသနာကို ဘယ်လိုထင်လဲ။ အဲဒီ ကစားသမားက လေ့ကျင့်ရေးကို မလာဘူး အဲလိုပြောရင် ခရစ္စတင်းက သူ့မှာ ရည်းစားရှိလာ၊ ဇနီးရှိလား။ ဘာပြသနာတွေရှိနေလဲ။ သူတို့နဲ့ စကားပြောပြီးပြီလား။ သူတို့နဲ့ စကားပြောသင့်တယ် စသဖြင့် အကြံပေးတယ်။ ခရစ္စတင်းက ကျွန်တော့်ဘဝရဲ့ နည်းပြမဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်မှာ အရာရာကို ကျော်လွှားနိုင်မယ့် တစ်စုံတစ်ယောက်ရှိနေတာက ကျွန်တော့်အတွက် အရမ်းကံကောင်းပါတယ်” ဟု ပြောသည်။

Ref:dailymail

Facebook Comments Box
Facebook Comment