ကစားသမားများကို ဘယ်သူမှ ဂရုမစိုက်ဟု ဂွါဒီယိုလာ ဝေဖန်

ပက်ဂွါဒီယိုလာက ဘောလုံးလောကတစ်လုံးမှာ ကစားသမားများကို တစ်စုံတစ်ရာ ဂရုစိုက်ခြင်းမရှိကြောင်း ပြောကြားကာ ပွဲစဉ်ဇယားပြည့်ကြပ် နေမှုအား အပြင်းအထန် ဝေဖန်လိုက်သည်။

မန်စီးတီးသည် ယနေ့ညတွင် ကစားရမည့် လက်စတာနှင့် ပွဲစဉ်အတွက် စီနီယာ ကစားသမား ၁၃ ဦးတည်းသာ ကြံ့ခိုင်မှု ပြည့်ဝ လျက်ရှိနေသည်။ ဂွါဒီယိုလာသည် ကာလတိုအတွင်းတွင် ပွဲစဉ်များ ဆက်တိုက်ကစားစေသည့် ပြည်တွင်းနှင့် နိုင်ငံပွဲစဉ်ဇယားများအပေါ် အကြီးအကျယ် စိုးရိမ်လျက်ရှိနေသည်။

ဂွါဒီယိုလာက “ဘယ်သူမှ ကစားသမားတွေအတွက် မပူပန်ကြပါဘူး။ ကိုယ့် အကျိုးစီးပွား အတွက်ဘဲ စိတ်ဝင်စားကြပါတယ်”ဟု ပြောကြားသွားသည်။

မန်စီးတီးသည် ယနေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကာလအတွင်းတွင် ချန်ပီယံလိဂ်ဖလားပွဲ နှစ်ပွဲအပါအဝင် ပြည်တွင်းလိဂ်နှင့် ပြည်တွင်းဖလားပွဲ ရှစ်ပွဲ ကစားရမည် ဖြစ်သည်။ ထို့အပြင် ကစားသမားများသည် အောက်တိုဘာလအတွင်းတွင် နိုင်ငံတကာပွဲစဉ်များလည်း ကစားရန် ရှိနေသေးသည်။

မန်စီးတီး၏ ဘရာဇီး တိုက်စစ်မှူးဂျီးဆပ်စ်သည် ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး သုံးပတ်ကြာ အနားယူရမည် ဖြစ်ပြီး အဂူရိုမှာလည်း ဒူးဒဏ်ရာကြောင့် နောက်ထပ် ခုနှစ်ပတ်အထိ အနားယူရဦးမည် ဖြစ်သည်။

ထို့အပြင် ဘာနာဒိုဆေးလ်ဗား (ကြွက်သား)၊ ကန်စီလို (ခြေထောက်)၊ ဇင်ချန်ကို (ကြွက်သား)တို့မှာလည်း အနားယူနေရသည်။ လာပေါ်တီ၊ ဂန်ဒိုဂန်တို့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရမှုကြောင့် ယခုရာသီတွင် မန်စီးတီးအတွက် တစ်ပွဲမျှ ကစားနိုင်ခြင်း မရှိသေးချေ။

ဆက်လက်ပြီး ဂွါဒီယိုလာက “တကယ်ကို ဖြစ်နေတာပါ(ကာလတိုအတွင်းပွဲများစွာ ကစားနေရမှု)။ မန်စီးတီး တစ်သင်းတည်းမဟုတ်ပါဘူး။ ကလပ်တိုင်းပါ။ နိုင်ငံတိုင်းမှာ ဖြစ်နေတာပါ။ ဘယ်သူမှ ကစားသမားတွေကို ဂရုမစိုက်ကြပါဘူး။ ပရီးမီးယားလိဂ်၊ ယူအီးအက်ဖ်အေ၊ လိဂ်ဖလား အားလုံးဟာ ကိုယ့်လုပ်ငန်း၊ ကိုယ့်နေရာအတွက်ဘဲ ကာကွယ်နေကြပါတယ်။ ကစားသမားတွေဟာ ရာသီကြို လေ့ကျင့်ခန်းဆင်းမှု နှစ်ပတ်ဘဲ ရှိခဲ့ပါတယ်။ ပြီးတော့ အခု သူတို့ဟာ သုံးရက် တစ်ပွဲနှုန်းနဲ့ ၁၁ လ တိုင်တိုင်ကစားရပါမယ်။ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံတွေ၊ ပြဇာတ်ရုံတွေ၊ ပြတိုက်တွေအပါအဝင် အားလုံးအတွက် ထူးဆန်းတဲ့ အခြေအနေဆိုတာ ကျွန်တော် နားလည် ပါတယ်။ လူတိုင်း ရုန်းကန်နေရပါတယ်။ ကျွန်တော်တို့ ဒါကို လက်မခံနိုင်စရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ် လုပ်ဆောင်နေတဲ့အရာကို ယုံကြည်မှု ရှိဖို့ လိုပါတယ်။ ပွဲတွေကို အကောင်းဆုံးကစားဖို့ ကြိုးစားသွားရပါမယ်။ နိုင်ငံတကာပွဲကနေ ကစားသမားသုံးဦး ဒဏ်ရာနဲ့ ပြန်လာတယ်။ ဒါကို ကျွန်တော်တို့ ထိန်းချုပ်လို့ မရပါဘူး။ သူတို့ဟာ ပြင်ဆင်မှု မရှိဘဲ လေးရက်အတွင်း နှစ်ပွဲ ကစားခဲ့ရတယ်။ သူတို့က စက်ရုပ်တွေ မဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment