ကစားသမားမခေါ်ပေးသော အက်ဒ်ဝုဒ်ဝပ်ကို ရန်ပြုမည်စိုး၍ လုံခြုံရေးထူထပ်စွာ ချထား

ယခုနှစ် နွေရာသီအပြောင်းအရွှေ့ ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှု လက်နှေးနေသော မန်ယူနိုက်တက် ဘုတ်အဖွဲ့ကို ပရိသတ်များက စိတ်ဆိုးဒေါသထွက်နေပြီး အစွန်းရောက် ပရိသတ်အချို့က ရန်ပြုတိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်နေသည်။

ဒေါသအမျက်ထွက်နေသော အစွန်းရောက်ပရိသတ် ၂၀ ဝန်းကျင်သည် ယူနိုက်တက်စီအီးအို အက်ဒ်ဝုဒ်ဝပ်ကို ပစ်မှတ်ထားတိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါ ပရိသတ်များထဲမှ အချို့သည် ယူနိုက်တက်၏ နာမည်ကျော် လူရမ်းကားပရိသတ်အဖွဲ့Men in Black မှဖြစ်သည်ဟု ယူဆခြင်းခံထားရသည်။

အဆိုပါ MIB အဖွဲ့သည် ယခုနှစ် ဇန်နဝါရီလက ကစားသမားသစ် ခေါ်ယူရန် ပျက်ကွက်သော အက်ဒ်ဝုဒ်ဝပ်ကို သတိပေးသည့်အနေဖြင့် ချီရှိုင်းယားဒေသရှိ ၎င်း၏ ပေါင် ၂ သန်းတန် နေအိမ်ကို မီးခိုးဗုံးများဖြင့် တိုက်ခိုက်ခြင်း၊ နေအိမ်ခြံဝင်းများကို အနီရောင်မှုတ်ဆေးများဖြင့် ဖြန်းခြင်း၊ လူမှုကွန်ရက်တွင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုအချိန်က ယူနိုက်တက်သည် ဘရူနိုဖာနန်ဒက်စ်ကို ပေါင် ၆၈ သန်းဖြင့် ခေါ်ယူထားပြီးဖြစ်သော်လည်း ပရိသတ်များက အားမလိုအားမရဖြစ်ကာ အကြမ်းဖက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခု နွေရာသီ အပြောင်းအရွှေ့တွင်လည်း ယူနိုက်တက်သည် ဗန်ဒီဘိခ် တစ်ဦးတည်းကိုသာ ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူထားပြီး အခြား ကစားသမားသစ်များ ရောက်ရှိလာခြင်း မရှိသေးသောကြောင့် ပရိသတ်များက အက်ဒ်ဝုဒ်ဝပ်ကို အကြမ်းဖက်ရန် စီစဉ်လျက်ရှိရာ ၎င်း၏ အနီးအနားနှင့် နေအိမ်ဝန်းကျင်ကို လုံခြုံရေး တိုးမြှင့်ချထားသည်။

အပြောင်းအရွှေ့ပိတ်သိမ်းရန် ၁ ရက်သာလိုချိန်တွင် ယူနိုက်တက်သည် နာမည်ကျော် ကစားသမားများကို ခေါ်ယူနိုင်ခြင်း မရှိသေးဘဲ ကာဗာနီကိုသာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရယူထားသည်။

ဇန်နဝါရီလက အက်ဒ်ဝုဒ်ဝပ်၏ နေအိမ်အား အကြမ်းဖက်တိုက်ခိုက်ခြင်းကို ရီယိုဖာဒီနန်၊ ပီးယားစ်မော်ဂန်တို့က လက်ခံနိုင်စရာ မရှိသောလုပ်ရပ်ဟု ဝေဖန်လိုက်ပြီး ထိုအချိန်မှစ၍ ဝုဒ်ဝပ်သည် အဆိုပါအိမ်တွင် သိပ်မနေတော့ဘဲ ဇနီးသည် အမွှာသမီးငယ်လေးများနှင့်အတူ လန်ဒန်တွင်သာ အနေများသည်။

Ref:Mirror

Facebook Comments Box
Facebook Comment