
ကစားသမားဘဝ ပွဲ ၈၀၀ ပြည့်တွင် နိုင်ပွဲရယူနိုင်ခဲ့၍ ဖာဘရီဂတ်စ် ပျော်ရွှင်နေ
မိုနာကိုကွင်းလယ်ဖန်တီးရှင် ဆက်စ်ဖာဘရီဂတ်စ်သည် ယမန်နေ့က နန့်တက်စ်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲ ၈၀၀ ပြည့်မြောက်ခဲ့ပြီး အသင်းအတွက်လည်း နိုင်ပွဲရယူပေးနိုင်ခဲ့၍ ပျော်ရွှင်မိကြောင်း ဖွင့်ဟသည်။
အသက် ၃၃ နှစ်အရွယ် ဖာဘရီဂတ်စ်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီတွင် ချဲလ်ဆီးမှ မိုနာကိုသို့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၃၈ ပွဲကစားကာ ၁ ဂိုးသွင်းယူထားသည်။
ဘာစီလိုနာအသင်း၏ နာမည်ကျော် လာမာစီယာအကယ်ဒမီမှ ထွက်ပေါ်လာသူ ဖာဘရီဂတ်စ် သည် ၂၀၀၃ မှ ၂၀၁၁ အတွင်း အာဆင်နယ်အတွက် ၃၀၃ ပွဲ၊ ၂၀၁၁ မှ ၂၀၁၄ အ တွင်း ဘာစီလိုနာအတွက် ၁၅၁ ပွဲ၊ ၂၀၁၄ မှ ၂၀၁၉ အတွင်း ချဲလ်ဆီးအတွက် ၁၉၈ ပွဲ၊ ၂၀၁၉ မှ လက်ရှိအချိန်အထိ မိုနာကိုအတွက် ၃၈ ပွဲ၊ ၂၀၀၆ မှ ၂၀၁၆ အတွင်း စပိန်အသင်းအတွက် ၁၁၀ ပွဲကစားကာ ပွဲ ၈၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၁၇ နှစ်တာအတွင်း ပရီးမီးယားလိဂ်၊ လာလီဂါဆုဖလားများ ရရှိခဲ့သလို စပိန်လက်ရွေးစင်အသင်းနှင့်လည်း ကမ္ဘာ့ဖလား ၁ ကြိမ်၊ ယူရိုချန်ပီယံ ၂ ကြိမ် ရယူနိုင်ခဲ့သည်။
ထို့အပြင် ဘာစီလိုနာ၊ အာဆင်နယ်တို့နှင့်အတူ ပြည်တွင်းဆုဖလားများ ရယူခဲ့သော ဖာဘရီဂတ်စ်အတွက် မရဖူးသေးသည့် ဆုဖလားက ချန်ပီယံလိဂ်သာ ကျန်တော့သည်။
နန့်တက်စ်နှင့်ကစားသော ပွဲအပြီးတွင် မိုနာကိုကစားသမားများက အဝတ်လဲခန်းအတွင်း ဖာဘရီဂတ်စ်အတွက် ကျောနံပါတ် ၈၀၀ ရိုက်နှိပ်ထားသော ဂျာစီကို အမှတ်တရပေးအပ်ခဲ့ပြီး ၎င်းကလည်း အင်စတာဂရမ်တွင် “ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်အနေနဲ့ ပွဲ ၈၀၀ ပြည့်ပြီ။ အသင်းအတွက်လည်း အံ့အားသင့်စရာ နိုင်ပွဲတစ်ပွဲ ရယူနိုင်ခဲ့တယ်။ ဒါကို ဆက်လက် ထိန်းသိမ်းကြပါစို့” ဟု ရေးသားသည်။
ထို့အပြင် ၎င်းက စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးသောကြောင့် အနားမယူခင်အထိ နောက်ထပ်ပွဲပေါင်းများစွာ ကစားခွင့်ရရန်လည်း မျှော်လင့်ထားသည်။
မိုနာကိုသည် ယခုရာသီ ပြင်သစ်လီဂူး အဖွင့် ၃ ပွဲ ကစားအပြီးတွင် ရှုံးပွဲမရှိသေးဘဲ ဂိုးကွာခြားချက်ကြောင့် အမှတ်တူရထားသော ရင်းနက်စ်၏နောက် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။
Ref:dailymail