ကင်မစ်ချ်၏ ဒူးဒဏ်ရာခွဲစိတ်မှု အောင်မြင်ပြီး ဇန်နဝါရီတွင် ပြန်ကစားနိုင်မည်

ဒေါ့မွန်အား ၃-၂ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဒူးဒဏ်ရာရခဲ့သော ဂျာမနီ ကွင်းလယ်အဖျက် ကစားသမား ဂျိုရွှာကင်မစ်ချ်၏ ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး ၂၀၂၁ နှစ်ဆန်းပိုင်းအတွင်း ပြန်ကစားနိုင်မည်ဟု ဘိုင်ယန်မြူးနစ်အသင်းက ကြေညာသည်။

အသက် ၂၅ နှစ်အရွယ် ကင်မစ်ချ်သည် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို တားဆီးရန် ကြိုးစားစဉ် ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ပွဲချိန် ၃၆ မိနစ်တွင်မှာပင် တိုလစ်ဆိုနှင့် လူစားလဲခဲ့ရသည်။

ဂိုးမရှိသရေကျနေချိန် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဟာလန်းက ဂိုးသွင်းနိုင်ရေးအတွက် ဘိုင်ယန်ဂိုးဘက်ခြမ်းသို့ ဘောလုံးနှင့်အတူ ဆွဲပြေးစဉ် ကင်မစ်ချ်က ဖျက်ထုတ်ခဲ့ရာ ညာဘက်ဒူးခေါင်း ပြင်းထန်စွာ နာကျင်သွားခဲ့သည်။

ပွဲအပြီး ဒဏ်ရာကို စစ်ဆေးခဲ့ရာ ဒူးအရွတ် စုတ်ပြဲသွားသည်ကို တွေ့ရှိခဲ့ရပြီး ခွဲစိတ်ကုသရန် လိုအပ်သလို အဆိုပါ ဒဏ်ရာမျိုးက ၃ လခန့် အနားယူရဖွယ်ရှိသည်ဟု အစောပိုင်း သတင်းများက ဖော်ပြသည်။

သို့သော်လည်း ဒဏ်ရာကို ချက်ချင်းဆိုသလို ခွဲစိတ်ကုသခဲ့ရာ ၃ လခန့် အနားယူရဖွယ် မရှိဘဲ ၂ လခန့်သာ အနားယူရမည်ဖြစ်ပြီး လာမည့် ဇန်နဝါရီလအတွင်း ပြန်ကစားနိုင်မည်ဟု ယမန်နှစ်ရာသီက ဖလား ၃ လုံး ဆွတ်ခူးခဲ့သော မြူးနစ်အခြေစိုက် ကလပ်က ကြေညာသည်။

၂၀၁၅ တွင် လိုက်ပ်ဇစ်မှ ပြောင်းရွှေ့လာသော ကင်မစ်ချ်သည် ဘောလုံးရာသီ ၆ ခုအတွင်း ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၂၃၃ ပွဲ၌ ၂၇ ဂိုးသွင်းကာ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလား၊ ချန်ပီယံလိဂ်ဖလားများ ဆွတ်ခူးခဲ့သည့် ယမန်နှစ်ရာသီက ပြိုင်ပွဲစုံ ၅၁ ပွဲတွင် ၇ ဂိုးသွင်းနိုင်ခဲ့သည်။

Ref:Bild

Facebook Comments Box
Facebook Comment