ကင်ဆာကလေးငယ်များအတွက် ဆွာရက်ဇ်၊ မော့ဒရစ်၊ ဆာအူးလ်၊ ဂျိုအာကွင်းတို့ ပူးပေါင်း

ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်၊ ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုတို့သည် လာလီဂါတွင် ပြိုင်ဆိုင်မှုအ ပြင်းထန်ဆုံးသော ကလပ်အသင်းများဖြစ်ပြီး ကလပ်များအကြား အမုန်းတရားများကလည်း ကြီးမားလွန်းလှသည်။

သို့သော်လည်း မြက်ခင်းစိမ်းထက် ရန်သူများသဖွယ် အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိသည့် လာလီဂါ ထပ်သီးကလပ်များမှ နာမည်ကျော် ကစားသမားအချို့သည် ကင်ဆာဝေဒနာရှင် ကလေးငယ်များ ရန်ပုံငွေအတွက် ပြိုင်ဘက်များဟူသည့် မျက်နှာဖုံးကိုခွာချကာ အတူပူးပေါင်းခဲ့ကြောင်း မာကာသတင်းစာက ဖော်ပြသည်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာမော့ဒရစ်၊ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်၊ အက်သလက်တီကို ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်၊ ဘက်တစ်ကွင်းလယ်လူ ဂျိုအာကွင်းတို့သည် ကင်ဆာကလေးငယ်များအား ထောက်ပံ့ပေးနေသည့် ဂျူဂါတီရာပီယာ ဖောင်ဒေးရှင်းနှင့်လက်တွဲကာ အထူးထုတ်လုပ်ထားသော ဘောလုံးများ ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါ ကားသမားများသည် Balon Pelon ဟု အမည်ပေးထားသည့် ဘောလုံးမိတ်ဆက်ပွဲသို့ ကင်ဆာဝေဒနာရှင် ကလေးငယ်များနှင့်အတူ တက်ရောက်ခဲ့ပြီး ထိုဘောလုံးကို Corte Ingles စတိုးဆိုင်များ၊ Amazon နှင့် www.juegaterapia.org ဝက်ဘ်ဆိုက်များတွင် ဝယ်ယူနိုင်သည်။

ဘောလုံးရောင်းချခြင်းမှ ရရှိမည့်ငွေများကို ကင်ဆာဆေးရုံတွင် ပန်းခြံများတည်ဆောက်ခြင်း၊ ရုပ်ရှင်ရုံများတည်ဆောက်ခြင်း သို့မဟုတ် ကလေးငယ်များ စိတ်ကျေနပ်မှုရစေမည့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရာတွင် သုံးစွဲသွားမည်ဖြစ်သည်။

ကျော်ကြားသော ကစားသမားများဖြစ်သည့် ၎င်းတို့ ၄ ဦးသည် ကင်ဆာကုသရေးဌာနသို့ သွားရောက်ကာ ဂျော့၊ မာရီယာ၊ အဲလ်ဘတ်၊ ပက်ဘလို၊ အယ်လ်ဆာ၊ မီဂွယ်အိန်ဂျယ်ဆိုသည့် ဝေဒနာသည် ကလေးငယ်များနှင့်တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။

အဆိုပါ အတွေ့အကြုံနှင့် ပတ်သက်၍ စပိန်လက်ရွေးစင် ဆာအူးလ်က “မာရီယာလေးနဲ့အတူ ကောင်းမွန်တဲ့အချိန်တွေကို ဖြတ်သန်းခဲ့တယ်။ သူက ကျွန်တော့်ကို လှုံ့ဆော်မှုပေးနိုင်တယ်။ ကျွန်တော်တို့အားလုံး ဒီ ဘောလုံးတွေ အများကြီးရောင်းရဖို့၊ အမှာစာတွေ အများကြီးရလာဖို့ အတူလုပ်ဆောင်ကြမယ်။ ဒါမှပဲ မာရီယာတို့လို ကလေးငယ်တွေကို ကူညီနိုင်မှာပါ” ဟု ပြောသည်။

Ref:Marca

Facebook Comments Box
Facebook Comment